သေခါနီးကဗျာရေးကြသူများအကြောင်း* သင်သိပြီးပြီလား
သေခါနီးတဲ့အထိ ကဗျာရေးဖို့ ကြိုးစားခဲ့ကြတဲ့လူတွေအကြောင်း သင်တွေးမိသေးလား။ ကမ္ဘာပေါ်ကလူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းက ငယ်ငယ်ကတည်းက ကဗျာရေးဖို့ ကြိုးစားကြရင်း နောက်ဆုံးသေသွားကြတယ်ဆိုတာရော သင်သိပြီးပြီလား။ ရေမှာအရုပ်ရေးသလိုမျိုး ရေးရေးပဲပေါ်လာမယ်လို့ သင်ထင်တဲ့ကိစ္စတွေရှိချင်ရှိမယ်။ အဲ့ဒါတွေကို ပြန်တွေးတိုင်း ငယ်ဘဝက ယိုပေါက်တခုကနေ စီးဆင်းလာတဲ့ ဆီတွေလိုပဲ။ အဲ့ဒီဆီတွေကို သင်ဘယ်တော့မှ ပိတ်နိုင်မှာ မဟုတ်ဘူး။ သင်ကိုယ်တိုင်ပြောတဲ့ အဆုံးသတ်တွေကို တခါတည်းနားမလည်လို့ သင် ပြန်တွေးနေရမယ်။ ဥပမာ - လှပသောခြေသလုံးများအကြောင်း သင်ယူနေရချိန်မှာ သင်က ဆိပ်ကမ်းမြို့ရဲ့ တဖက်ကမ်းကို ရောက်နေပြီဆိုတာမျိုး။ စွဲလမ်းမှုနဲ့ အထီးကျန်ခြင်းတွေက သင့်ရဲ့အဖော်ဖြစ်တယ်။ သင့်မှတ်ဥာဏ်အပိုင်းအစတွေနဲ့ သိမှုတွေကို ဆင်ခြင်နေတုန်းမှာ သင် မမေ့လို့ ဝမ်းမြောက်ရမယ်။ နောက်ဆုံးတော့လည်း တဖြေးဖြေးနဲ့ သေသွားမယ့်အတူတူ ဝေဒနာတွေ ထပ်မဖြစ်လာအောင် မှတ်ဥာဏ်တွေကို သင်မေ့ပစ်ရတယ်။ မုတ်ဆိတ်တွေရှည်လာတဲ့အခါ စိတ်ပါရှည်လာနိုင်လို့ သင့်မှာ တွေးတွေးပြီး ပျော်ရတယ်။ မိုးကုပ်စက်ဝိုင်းက ဘယ်မှာလဲလို့လာမေးတိုင်း သင်သိသိရက်နဲ့ မသိချင်ယောင်ဆောင်ရတယ်။ လနီနီကိုမြင်ရတဲ့အခါ ...