တကယ်လို့ ငါဟာ တနေရာရာမှာ မင်းနဲ့အတူရှိနေခဲ့တယ်ဆိုရင် အချိန်တွေက ရပ်နေမှာ

တကယ်လို့ ငါ့မျက်နှာပုံတူ ပန်းချီကားပေါ်က မျက်ရည်စက်လက်နဲ့ သွေးကွက်တွေအစား ပန်းတွေ ပွင့်မလာတော့ဘူးဆိုရင် 
ငါမရခဲ့တဲ့ တစုံတခုတွေအတွက် ယူကြုံးမရဖြစ်နေခြင်းတွေဟာ နောက်ဖေးလမ်းကြားမှာပဲ ထပ်ပြီးကျပျောက်မသွားဘူးဆိုရင် 
မသေမရှင်ဖြစ်ပြီး ပျောက်သွားတဲ့ ငါ့ဇာတ်ကောင်ကို ကမ္ဘာလဆန်းတရက်မတိုင်ခင် တရက်တလိုက ဘားတခုမှာ ငါတွေ့ခဲ့ရင် ငါဟာ တော်တော်ပျော်မိမှာပဲ

ငါဟာ ငါ့ရဲ့ပုံတွေထဲမှာ ငါ့ကိုယ်ငါ အပြုံးတွေနဲ့ အမြဲဝှက်ထားတတ်တဲ့အခါ
ငါက အူကြောင်ကြောင်နဲ့ မင်းကို မော့ကြည့်နေခဲ့မိလိမ့်မှာပေါ့
ပြီးမှ သွေးအေးအေးနဲ့ မင်းရဲ့လည်မျိုကို ဓားနဲ့စိုက်မယ် 
အဲ့အခါကျ မင်းကောက်ရတဲ့ ခဲခြစ်ကဒ်ပြားပေါ်က နာကျင်မှုတွေကို ရေရွတ်ပြီး ကြေကွဲမနေနဲ့တော့

အိပ်မက်ထဲကပင်လယ်ဟာ နာကျင်မှုတွေကို ပျော်ရွှင်မှုအဖြစ် အသွင်ပြောင်းပြီး ပလုပ်ပလောင်းနဲ့ မျိုချလိုက်တယ်
ငါတို့နှစ်ယောက်ထဲက တယောက်ယောက်ရဲ့ ဘယ်ဘက်လက်ထဲမှာ ဒါမှမဟုတ် အခြားနေရာဒေသ တခုခုမှာရှိနေမယ်ဆိုရင် 
ငါတို့ဘယ်သူနဲ့မှမတိုင်ပင်ပဲ တိတ်တဆိတ် လှိုင်းမူးနေကြမယ် 
အဲ့အဖြစ်အပျက်တွေက ပင်လယ်ပြင်ပုံမှာပေါ်လာပြီး ငါ့ဆီကနေ မင်းဆီ တရွေ့ရွေ့လှော်ခတ်သွားတာဖြစ်တယ်

အခုမလည်း ကြည့်ဦးလေ
ငါစကားပြောတတ်စအရွယ်မှာ ငါ့မှတ်ဥာဏ်ဟာ ခြောက်လက်မလောက်နဲ့
တိမ်တွေစကားမပြောတတ်ခင်ကတည်းက နာကျင်မှုတွေကို အိပ်မက်တွေနဲ့ ပုံဖော်ခဲ့ပြီးပြီ
မင်းအိပ်မက်ရဲ့ခြေရာတွေထဲမှာ ငါ မင်းမသိအောင် မြွေတကောင် ထည့်ထားလိုက်တယ် 
အဲ့အခါမှာ ပျော်ရွှင်မှုက အရင်ကထက် နှစ်ဆဖြစ်ပြီး တဆစ်ဆစ်လို့ မြည်တယ်

ဘဝရဲ့ လေတိုက်နှုန်းကို မတွက်ချက်နိုင်သေးခင်မှာပဲ ကမ်းခြေဟာ မူးဝေလာတော့ ငါ့အန်ဖတ်တွေကို  ပြန်ကြုံးပြီး ပိန်လှီနေတဲ့ ဝက်သစ်ချပင်ခြေရင်းမှာ စွန့်ပစ်လိုက်ရတာပဲ
အငိုလွယ်လွန်းတဲ့ ငယ်ငယ်က ငါ့မျက်နှာကို မကြည့်ရဲလို့ ပုခက်ထဲက နေလုံးကြီးကို မီးတွင်းထဲ ပြန်ပို့လိုက်တယ် 
မင်းရဲ့ကောင်းကင်က စကြဝဠာရဲ့ နေရာမှန်မှာ ရှိမနေတော့ဘူး

မင်း ဘာလုပ်ရမှန်းမသိတဲ့အခါ သက်တံ့တွေကို လက်ပေးသင်ပါ
တစုံတယောက်ရဲ့ အိပ်မက်တွေထဲမှာ ပျောက်သွားတဲ့ငါ့ကို သေချာပြန်ရှာပါ
ဘယ်တော့မှ ပြန်မဆုံနိုင်တဲ့အချိန်တွေကို ထိုင်ရေတွက်ပါ
ဘာစောက်ပြဿနာမှ မရှိတော့ဘူးလို့ အကျယ်ကြီးအော်ပါ

ငါနိုးလာတော့ ငါမက်တဲ့အိပ်မက်ထဲမှာ ဘာအိပ်မက်မှမရှိတော့ဘူးဆိုပြီး သက်ပြင်းအရှည်ကြီးချတာကိုပဲ ငါ ရွေးပြီးမှတ်မိတော့တယ်
အိပ်မက်တွေရဲ့ နောက်ဆုံးနေ့တွေမှာ မင်းနဲ့အတူရှိနေတဲ့ငါဟာ တော်ရုံနဲ့ပေါ်မလာ နောက် တော်တော်နဲ့ပေါ်မလာ နောက်ဆုံးကျတော့ ဘယ်တော့မှ ငါ့ဆီ အဲ့ဒီပုံရိပ်တွေ ပြန်ကိုပေါ်မလာတော့တာ

မင်းသော်စိုး ၊ ဆူးနွယ် 
(၂၂.၆.၂၀၂၁)

Comments

Popular posts from this blog

ဒီကဗျာဖတ်တဲ့အခါ တလိုင်းချင်းစီကို သတိထားပါ

တိမ်တိုက်များတွေ့ဆုံခြင်း