သေခါနီးကဗျာရေးကြသူများအကြောင်း* သင်သိပြီးပြီလား

သေခါနီးတဲ့အထိ ကဗျာရေးဖို့ ကြိုးစားခဲ့ကြတဲ့လူတွေအကြောင်း သင်တွေးမိသေးလား။ ကမ္ဘာပေါ်ကလူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းက ငယ်ငယ်ကတည်းက ကဗျာရေးဖို့ ကြိုးစားကြရင်း နောက်ဆုံးသေသွားကြတယ်ဆိုတာရော သင်သိပြီးပြီလား။ ရေမှာအရုပ်ရေးသလိုမျိုး ရေးရေးပဲပေါ်လာမယ်လို့ သင်ထင်တဲ့ကိစ္စတွေရှိချင်ရှိမယ်။ အဲ့ဒါတွေကို ပြန်တွေးတိုင်း ငယ်ဘဝက ယိုပေါက်တခုကနေ စီးဆင်းလာတဲ့ ဆီတွေလိုပဲ။ အဲ့ဒီဆီတွေကို သင်ဘယ်တော့မှ ပိတ်နိုင်မှာ မဟုတ်ဘူး။ သင်ကိုယ်တိုင်ပြောတဲ့ အဆုံးသတ်တွေကို တခါတည်းနားမလည်လို့ သင် ပြန်တွေးနေရမယ်။ ဥပမာ - လှပသောခြေသလုံးများအကြောင်း သင်ယူနေရချိန်မှာ သင်က ဆိပ်ကမ်းမြို့ရဲ့ တဖက်ကမ်းကို ရောက်နေပြီဆိုတာမျိုး။ စွဲလမ်းမှုနဲ့ အထီးကျန်ခြင်းတွေက သင့်ရဲ့အဖော်ဖြစ်တယ်။ သင့်မှတ်ဥာဏ်အပိုင်းအစတွေနဲ့ သိမှုတွေကို ဆင်ခြင်နေတုန်းမှာ သင် မမေ့လို့ ဝမ်းမြောက်ရမယ်။ နောက်ဆုံးတော့လည်း တဖြေးဖြေးနဲ့ သေသွားမယ့်အတူတူ ဝေဒနာတွေ ထပ်မဖြစ်လာအောင် မှတ်ဥာဏ်တွေကို သင်မေ့ပစ်ရတယ်။ မုတ်ဆိတ်တွေရှည်လာတဲ့အခါ စိတ်ပါရှည်လာနိုင်လို့ သင့်မှာ တွေးတွေးပြီး ပျော်ရတယ်။ မိုးကုပ်စက်ဝိုင်းက ဘယ်မှာလဲလို့လာမေးတိုင်း သင်သိသိရက်နဲ့ မသိချင်ယောင်ဆောင်ရတယ်။ လနီနီကိုမြင်ရတဲ့အခါ နောက်ထပ် ဘာမှကြောက်စရာမရှိတော့လောက်အောင် သင်ငိုရမယ်။ နောက်ပြီး ဘယ်သူလဲလို့ ခေါ်တဲ့ခေါ်သံတွေဟာ ဘယ်နေရာကနေလာသလဲဆိုတာတွေးရင်း သင် ပြန်ကြားယောင်လာမယ်။ လူကြားထဲ သဘောကောင်း နှုတ်ချိုသူလို့ သင့်ကိုယ်သင် ဟန်ဆောင်မယ်။ ကိုယ့်ကိုယ်ကို နာမည်တခုပေးပြီး အဲ့ဒီနာမည်ကို သင်မကြားမချင်း အော်ခေါ်နေမယ်။ တယောက်ယောက်ကို စောင့်ဆိုင်းရင်း အဲ့ဒီနာမည်ကို သင် တီးတိုးရေရွတ်နေမယ်။ ပြီးတော့ သင်လည်း သေခါနီးကဗျာရေးဖို့ တွေးမိချင်တွေးမိနိုင်ပါ​​သေးတယ်။

* ဂျပန်လူမျိုးတို့ သေခါနီး ရေးဖွဲ့သော ကဗျာများ - ကိုတာ(မြန်မာပြန်)

- မင်းသော်စိုး

Comments

Popular posts from this blog

ဒီကဗျာဖတ်တဲ့အခါ တလိုင်းချင်းစီကို သတိထားပါ

တိမ်တိုက်များတွေ့ဆုံခြင်း