၂၁ရာစုမှာ မင်းကိုဗဟိုပြုပြီး စဥ်းစားကာနေရဦးမယ့်* ကဗျာတပုဒ်

ပူရှိန်းရောင် မိုးကောင်းကင်ထက်မှာ ဝဲပျံနေသော ပျံလွှားငှက်များကို မမေ့အောင် လက်ခေါက်မှုတ်၍ ခေါ်ပါ 
ခေါက်ရှာငှက်သည် ဝေဝါးနေသော အတိတ်အာရုံမှ ပေါ်ပေါက်လာတတ်ပြီး နာဠာဂီရိဆင်သည် နာမည်ဆိုးနှင့် ကျော်ကြားကြောင်း ပေါက်ပေါက်ဆုပ်စားပြီး ပြောပါ
မေ့တတ်လို့ စဥ်းစားနေရတာမဟုတ်ပဲ မစဥ်းစားတတ်လို့ မေ့နေရသူဟာ ကိုယ်ပါ
အားဆေးသောက်ပြီး အိပ်ရင် ခရီးဝေးသွားရမယ်လို့ အိပ်မက်မက်မယ် အိပ်ရာကနိုးလာတော့ 
ငါ့ရဲ့မေ့ဉာဏ်ထဲက လွတ်လပ်မှုပုံရိပ်တွေဟာ လဝန်းလေးနဲ့တူတဲ့မင်းကိုဗဟိုပြုပြီး အချိန်ယူ စဥ်းစားနေမိတယ် ငါထင်တဲ့အတိုင်းပဲ 
ငါ့မှာ ပြောစရာဆိုလို့ ပြောစရာစကားလုံး မလုံလောက်တာပဲရှိပါတယ် မင်းရှေ့မှာ ငါ ဘယ်လောက်ပဲ
သေးငယ်သွားပါစေ ငါ့မှာမင်းပဲရှိကြောင်း ကိုယ့်ချစ်သူကို ဒါပဲပြောပြောနေရတယ် မေ့ချင်နေတဲ့ 
ဟန်ဆောင်မှုတွေဟာ အပေါ်ယံတွေမပါပဲ မင်းကို စမ်းရေစီးသံလို အနမ်းတွေနဲ့ ကြိုနေမယ် 
နောက်ဆုံးနေ့ရက်တွေမှာ အတူရှိနေပေးခဲ့တဲ့ ပုတ်သင်ညိုဟာ လက်တွေ့မှာ အရောင်ပြောင်းတတ်သလိုမျိုး 
လိုအပ်နေတာက အနာဂတ်ထက် အတိတ်ကို မှန်အောင်ပြောနိုင်မယ့် ၂၁ ရာစုမှာ တော်တော်ပေါင်းရခက်တဲ့ ပူရှိန်းရောင် 
ကောင်းကင်ယံနားက သက်တံ့ပေါ်မှာထိုင်နေတဲ့ လူတဦးက ဘယ်သူရွေးရွေး မရွေးရွေး အရင်တည်းက 
ရှိနေပြီးသားဆိုတာ တကယ်သေချာနေပြီမို့ မင်း တခြားစဥ်းစားရန်မလိုအပ်တော့ပါ

* စဥ်းစားကာနေရဦးမယ် - မာမာအေး

- မင်းသော်စိုး

Comments

Popular posts from this blog

ဒီကဗျာဖတ်တဲ့အခါ တလိုင်းချင်းစီကို သတိထားပါ

တိမ်တိုက်များတွေ့ဆုံခြင်း