19-20
အချိန်ကာလတိုက်စားသမျှဟာ အားလုံး အရုပ်တွေပဲ
ငါတို့ ကမ္ဘာကြီးကို ရေမှာ အရုပ်ရေးသလို ကာကွယ်ကြ
တရားခံရှာရင်း သက်သေဟာ ပစ်မှတ်နဲ့ အနီးဆုံးနေရာမှာ ဂူသွင်းသင်္ဂြိုလ်ခံရပြီး
ပွဲမပြီးမချင်း အလိုတူအလိုပါ အသံထွက် ရယ်ပေးရတယ်
အော်ဟစ်သံတွေနဲ့အတူ တည်ရှိနေတဲ့ ဖြေဆေးမရှိတဲ့အဆိပ်တွေ
ဘုရားသခင်က ငါတို့အတွက် ဦးနှောက်တစ်ခုအစား လိုရာသုံးဖို့ လက်တစ်ဖက် ပေးသနားတော်မူတယ်
ငါတို့လက်နဲ့ ယက်ထုတ်လို့မရတဲ့ ရေဒီယိုပျက်လို
ဒုက္ခိတနဲ့တူတဲ့ လူအုပ်ထဲက လူတွေဟာ နေ့စဥ်
ရေလဲလို သတ်မှတ်ထားတဲ့တန်ဖိုးတွေကို သုံးစွဲရင်း တွက်ချက်
လို့မရတဲ့ တစ်ဖက်ပိတ် ပြဿနာတွေကြား အမြင့်ဆုံး မျှော်လင့်နိုင်ခြေက အခုအချိန်မှာ ပြန်မေးခွန်းထုတ်စရာ ဖြစ်လာနေပြီ
တန်ဖိုးဖြတ်မရတဲ့အချိန်ဟာ ငါတို့အတွက်တော့ လောင်မြိုက်နေတဲ့ စီးကရက်တစ်လိပ်လို
ဒီအချိန်မှာ စားသောက်ဆိုင်ဘေးလမ်းက ကြော်ငြာဘုတ်တွေကလည်း ဂျင်းထည့်လို့ ကောင်းတုန်း
ယဉ်ကျေးမှုကို ဗန်းပြပြီး နောက်ဆုံး သားသတ်လွတ်ဟာ မြက်ခြောက်တွေသာ ကျန်တော့တဲ့အထိ အချင်းချင်း ဝါးမြိုဖို့ ရောက်လာကြတဲ့
အသားစားတွေ စျေးကွက်ထဲက အလိမ်အညာစကားတွေဟာ
အပျင်းပြေ ဝါးစားတဲ့ ရေညှိဖတ်တွေလို
အတုတွေကို အစစ်လို့လိမ်ရောင်းရင်း
ကိုယ်တိုင်အတုတွေဖြစ်သွားတဲ့ ကုန်သည်တွေ
- မင်းသော်စိုး / ဆူးနွယ်
(၁၀.၄.၂၀၂၀)
Comments
Post a Comment