ဒီကဗျာဖတ်တဲ့အခါ တလိုင်းချင်းစီကို သတိထားပါ

မျက်စိရှေ့က တိမ်တွေကို ရသလောက် ဖယ်ထုတ်ပြီးတဲ့နောက်
ရယူလိုစိတ် များလာတဲ့အခါ ကုန်ပစ္စည်းတံဆိပ်ကို မကြည့်တော့ပဲ သုံးစွဲရန်အညွှန်းတွေပဲ လိုက်ဖတ်တော့တယ်
မိုင်နှုန်းပြဒိုင်ခွက်တွေကြားမှာ လွဲချော်မှု တစုံတရာတော့ ရှိမှာပဲ 
အချစ်ရှိရာ လာပြီလို့ပြောပြီး ဘယ်မှ မရောက်တော့သူတွေ
သိပ်သည်းမှုထဲမှာ သူတို့ကို ကိုယ်တို့ ထည့်မြှုပ်ထားတယ်
မခြောက်သေးတဲ့ ဆေးသားကို လက်နဲ့အမြဲ သွားသွားထိမိ
အချိန်မတော် အချိန်မီ စောင့်နေရခြင်းမျိုးတွေ
ဒိုမီနိုသီအိုရီအရ တည်ဆောက်ထားတဲ့ အိပ်မက်စက်တွေ
ပြီးရင် အရာရာဟာ အောင့်သက်သက် တခုနဲ့တခု 
ချိတ်ဆက်ခုန်ကူးနေသော hyperlink ဘဝများပေါ့
မင်းပြောမှ ကိုယ် သတိထားမိတယ်
ပြောတိုင်းယုံပြီး အမြဲသတိရနေတတ်တဲ့ ကိုယ့်ကိုယ်ကို
တခုခုဆို တုံ့ပြန်ဖို့ အမြဲ တိုင်ပင်နေရတဲ့အခါ ဘယ်အရာမှ စိတ်မပါတော့တာတွေရယ်
နောက်ပြီး တစထက်တစ ရစ်ထွေးလာခြင်းကို ကိုယ့်လက်နဲ့ မဖြီးသင်နိုင်တော့တာမို့ တယောက်ဘဝကို တယောက် စုချည်ထားလိုက်ရတော့တယ်
ရည်ရွယ်ချက်ရှိရှိ သတ်လိုက်မိခြင်းအတွက် ဝမ်းမနည်းမိပဲ ငိုမလိုဖြစ်ရခြင်းမျိုးတွေ
ငိုစေချင်လို့ ငိုပေးလိုက်ရတာမျိုးထက် တခု သို့မဟုတ် တခုထက်ပိုနေတဲ့အခါ 
ဖြစ်ပြီးမှ ကာကွယ်နေရတဲ့ ကမ္ဘာကြီးကို ဘာမှမဖြစ်သေးခင်လေး 
ကိုယ့်တို့ ကိုယ်သင်းရနံ့တွေနဲ့ ကိုယ်စီနှုတ်ဆက်ကြ ကြိုဆိုကြ နောက် နှိပ်စက်ကြ
ကိုယ်တို့အတွက် အလုံအလောက်ရှိနေသေးတဲ့ မြေဆွေးများထက် ကိုယ်ပျိုးထားတဲ့ ကတိကဝတ်တွေကို ကိုယ်တိုင် ပြန်ရိတ်သိမ်းယူကြပေါ့
တကယ်တမ်း နှုတ်ဆက်ရချိန်ကျ တယောက်ဟာ ဘာစကားမှမပြောဘဲ နောက်တယောက်အတွက် ပုံစံမပျက်ရှိနေမဲ့ မနက်ခင်းတွေကို သံပန်းတံခါးမှာ ချိတ်ထားရစ်ခဲ့တာမျိုး
မမွှေးတဲ့ ပန်းဟာ ခါးတာပဲ ကိုယ်တို့ထဲက ဝတ်ဆံတွေဟာ 
ဒီအရသာကို ဘယ်တော့ဖြစ်ဖြစ် မှတ်မိတတ်ကြပါတယ်
အစမ်းသပ်ခံနိုင်တဲ့နှလုံးသားလေးမို့ ကွန်ဒိုတွေကြားကနေ ယုံယုံကြည်ကြည် ချစ်တယ်လို့ပြောတဲ့အခါ 
"ခွဲသွားကြ ထားသွားကြတယ်ဆိုတာထက် အမှန်က ကိုယ့်လမ်းကိုယ်ဆက်လျှောက်ကြတာဖြစ်ပါတယ်" ဆိုတာကိုသာ သတိရပါ

- မင်းသော်စိုး၊ ဆူးနွယ်
၂၇.၄.၂၀၂၂

Comments

Popular posts from this blog

တိမ်တိုက်များတွေ့ဆုံခြင်း