- ဘက်စ်ဖရင့်တစ်ယောက်အကြောင်း -
ဟိုးအရင်အချိန် ကျနော် တက္ကသိုလ် စတက်ခါစအချိန်တုန်းက ကျနော့်မှာ အရမ်းခင်ရတဲ့ သူငယ်ချင်းမိန်းကလေးတစ်ယောက်ရှိတယ် ။ ဒါပေမယ့် သူနဲ့ ကျနော်က ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ချင်းတူပေမယ့် တက်နေတဲ့ တက္ကသိုလ်ချင်းက မတူဘူး ။ သူ့ကို ကျနော် လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်က အင်တာနက် လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့် ရှာဖွေတွေ့ရှိခဲ့ ။ အဲ့ဒီနောက် အဲ့ဒီကွန်ရက်ကနေပဲ ကျနော်တို့ သူငယ်ချင်းတွေ ဖြစ်သွား ။ စကားတွေပြောရင်းနဲ့ တဖြေးဖြေးခင်သွား ။ နောက် သူတို့ကျောင်းကလုပ်တဲ့ ပြပွဲတစ်ခုမှာ ကျနော်တို့နှစ်ယောက် အပြင်မှာ စတင်တွေ့ဖူးခဲ့ကြ ။ မြန်မာဆန်ဆန် မိန်းကလေးတစ်ယောက်ရဲ့ အလှအပကို စတင်ရှာဖွေတွေ့ရှိ ။ ဟုတ်ပါတယ် ။ ကျနော့်သူငယ်ချင်းက ကျနော် ပြောချင်တဲ့အတိုင်း ချောပါတယ် ။ ကျနော်ပြောချင်တာထက် ပိုချောပါတယ် ။
အဲ့ဒီနောက်မှာတော့ ဆက်ဆံရေးဟာ သူငယ်ချင်းမေတ္တာထက် မောင်နှမမေတ္တာ ပိုဆန်လာခဲ့ ။ သူဟာ ကျနော့်ထက် အသက် ၆ လ အတိငယ်တယ် ။ သူ့ရဲ့ နာမည်အရှည်ကြီးအပေါ်မှာ ကျနော်က အမြဲစနောက်လေ့ရှိ ။ သူ့ရဲ့ ထူးခြားချက်ကို ပြောပါဆိုရင် ကဗျာတွေကို ချစ်တတ်တာပဲ ။ ကျနော့်ကိုလည်း ကဗျာတွေ ချစ်တတ်လာအောင်လည်း သူပဲ သင်ပေးခဲ့ ။ ခံစားတတ်တာလည်း သူ့အပြင် ဘယ်သူမှမရှိ ။ ဒါပေမယ့် သူက ခံစားချက်ကို အမြဲ ထုတ်မပြတတ်ဘူး ။ အေးဆေးတယ် ။ တည်ငြိမ်တယ် ။ လေးနက်တယ် ။ စိတ်ထားကောင်းတယ် ။ ကျနော့် သူ့ကို အဲ့လို ခံစားချက်တွေကိုပဲ အမြဲ ခံစားမနေချင်ဘူး ။
အဲ့ဒီနောက်ပိုင်းအချိန်ထိ ကျနော်တို့ သူငယ်ချင်း ဆက်ဆံရေးဟာ တည်မြဲခဲ့ ။ ဒါပေမယ့် ကျနော် သူ့ကို ဘာမဟုတ်တဲ့ အကြောင်းတစ်ခုကြောင့် စိတ်ဆိုးခဲ့ပြီး ၆ လကျော် ၇ လနီးပါးလောက် စကားမပြောခဲ့ ။ အဆက်အသွယ် မလုပ်ခဲ့ ။ ခပ်ရှောင်ရှောင်ပဲနေခဲ့ ။ ဒီအဖြစ်အပျက်ဟာ ကျနော့်ဘဝမှာ ပြန်တွေးတိုင်း စိတ်မကောင်းဖြစ်ခဲ့ရတဲ့ ဘာကြောင့် ဆက်ဆံရေး ပြတ်စဲခဲ့ရမှန်းမသိတဲ့ ရက်စွဲတွေ ။
နောက်ပိုင်း ကျနော်ကပဲ စဖြတ်ခဲ့တဲ့ ၆ လကျော် ၇ လတာ ဆက်ဆံရေးကို ကျနော်ကပဲ ပြန်ဆက်သွယ်ပြီး အထင်မှားမိကြောင်း ရိုးသားစွာ တောင်းပန်ခဲ့ ။ သူက ပြောတယ် ။ ဆုတောင်းတွေကို မယုံတတ်တာ အတော်ကြာခဲ့ပြီတဲ့ ။ နောက် ထပ်ပြောတယ် ။ အတိတ်တွေကို တိတိကျကျ ပြန်မှတ်မိနေရတာ မကောင်းဘူးတဲ့ ။ အလေးအနက်ထားမှုတွေကို သူ့အမူအရာနဲ့ မျက်ဝန်းတွေမှာ ရှာဖွေတွေ့ရှိရ ။ ကျနော် ဘွဲ့ရတော့ သူ လာတယ် ။ နင်တို့ တက္ကသိုလ်က ဘွဲ့ယူနေတယ်ဆိုတာ ကြားမိလို့ နင့်ကို ငါ ဖုန်းဆက်လိုက်တာတဲ့ ။ နောက် နင်နဲ့ ငါ နှစ်ယောက်တည်း တွဲရိုက်ဖူးတဲ့ ဓာတ်ပုံ တခါမှ မရှိဖူးဘူးတဲ့ ။ ဓာတ်ပုံ ရိုက်ကြမယ်တဲ့ ။ ကိုယ့်မှာ အဲ့ဒီ အသိအမှတ်ပြုမှုကလေးကို ပျော်လိုက်ရတာ ။ နင်က ငါ့အတွက်တော့ အကောင်းဆုံး သူငယ်ချင်းပါပဲ ။
ကျနော်တို့ နှစ်ယောက်အကြား ပြောပြစရာမလိုတဲ့ အပိုင်းတွေလည်း ရှိ စကားလုံးနဲ့ဖော်ပြလို့မရတဲ့ အပိုင်းတွေလည်း ရှိခဲ့ဖူးပါတယ် ။
ဟုတ်ပါတယ် ။ ဒါ ကျနော် ရေးတတ်သမျှ ကျနော့်ရဲ့ မှတ်မှတ်ရရအဖြစ်ဆုံး ကျနော့်ရဲ့ အချစ်ရဆုံး သူငယ်ချင်းအကြောင်းပါ ။
6.4.2018 11:46 PM
Comments
Post a Comment