ကိုယ့်အိမ်ပြတင်းဝကနေ အဝေးပျံပြေးထွက်သွားတဲ့ ငှက်ကလေး

၁)

ခင်ဗျား စိတ်ကူးသစ်ပင်ပေါ်မှာ ငှက်အိမ်ကလေးတွေ ဆောက်ဖူးသလား
ဒါမှမဟုတ် သူများ အသိုက်အမြုံတွေကို ဖျက်ဆီးခဲ့ဖူးလား

၂)

စိတ်ကူးနဲ့ပဲ ဆောက်ခဲ့ရတဲ့ ကျနော့်ငှက်အိမ်ကလေးက ကျနော့်ကြောင့် စိတ်ကူးထဲမှာပဲ တစစီ ဖျက်စီးခံခဲ့ရတယ်
ကိုယ့်နောက်ကျောကို ကိုယ်ပြန်လှည့်ကြည့်တိုင်း ထိရှခဲ့တဲ့ဒဏ်ရာဟောင်းတွေကို ပြန်မြင်လာရတယ်

၃)

ကိုယ့်ကိုယ်ကို စိတ်ကူးထဲ ပြန်မြင်ယောင်ကြည့်လိုက်တယ်
ကိုယ့်ကိုယ်ကို ရယ်စရာအဖြစ် ပြန်ဟားတိုက်လိုက်တယ်

၄)

ကျနော်ဟာ ဗင်းဆင့်ရဲ့ အဝါရောင် နေကြာပန်းများပုံများကို ကြိုက်နှစ်သက်တယ်

၅)
ကိုယ့်ကိုယ်ကို အမြဲ နေသာပါတယ်ဆိုပြီး ခပ်ပေါ့ပေါ့နဲ့ လိမ်နေတတ်တယ်
ကိုယ်ကိုယ်တိုင်ပဲ နာကျင်စေအောင်လုပ်ခဲ့တဲ့ ကိုယ့်ရဲ့ ခံစားမှု သွေးစွန်းစဒဏ်ရာတွေကို ကိုယ့်လျှာနဲ့ပဲ ကိုယ်ပြန်သပ်ရတာကို ပိုကျေနပ်နေတတ်တယ်
ကျနော်ဟာ အရင်ကထက် နာကျင်ကိုက်ခဲနေရတဲ့ အရသာကိုပဲ ပိုကျေနပ်လာတယ်
အစစအရာရာဟာ ကိုယ်ကိုယ်တိုင်နဲ့ပဲ အလုံးစုံကို ပြီးမြောက်စေခဲ့
ဒီအဖြစ်အပျက်တွေကို ကိုယ်ကိုယ်တိုင် ကျေနပ်နားလည်ခဲ့ပေမယ့် ဒီအဖြစ်အပျက်တွေကြားကပဲ ကိုယ်ကိုယ်တိုင် ပြန်ရုန်းမထွက်ချင်ခဲ့

၆)

ကျနော် တယုတယမွေးခဲ့မိတဲ့ ငှက်ကလေးကို ပျံပြေးသွားမှာစိုးလို့ လှောင်အိမ်ထဲမှာ ချုပ်နှောင်ထားခဲ့မိတယ်
ကျနော်ဟာ ငှက်ကလေးရဲ့ ခံစားမှုတွေကို သိရှိလာတဲ့အခါ ငှက်ကလေးကို လှောင်ချိုင့်ထဲက လွှတ်ပေးလိုက်တယ်
ငှက်ကလေးဟာ ကျနော့်အိမ်ပြတင်းဝကနေ ပျံပြေးထွက်သွားတဲ့နေ့ကစလို့ ဘယ်တော့မှ ကျနော့်ဆီ ပြန်မလာတော့

၇)

အဲ့ဒီအချိန်ကနေစပြီး ကျနော့်ရဲ့ ငှက်ကလေးရော စိတ်ကူးထဲကစပြီး ဆောက်ခဲမိတဲ့ ငှက်အိမ်ကလေးပါ ပျောက်ကွယ်သွားခဲ့
နောက်ဆုံး ကျနော်ဟာ ကျနော့်ရဲ့ ငှက်ကလေးနဲ့ စက္ကန့်တိုင်း ထာဝရ ဝေးသထက် ဝေး
ကျနော်တို့ဟာ ကိုယ့်ကိုယ်ကိုပဲ
ကိုယ်ကိုယ်တိုင်ပဲ …

- မင်းသော်စိုး
Friday May 18, 2018 10:45 AM

Comments

Popular posts from this blog

တကယ်လို့ ငါဟာ တနေရာရာမှာ မင်းနဲ့အတူရှိနေခဲ့တယ်ဆိုရင် အချိန်တွေက ရပ်နေမှာ

ဒီကဗျာဖတ်တဲ့အခါ တလိုင်းချင်းစီကို သတိထားပါ