ဖောင့်

လူတိုင်း နားလည်ကြတဲ့ဖောင့်/နားမလည်ကြတဲ့ဖောင့်/နားလည်ချင်ယောင်ဆောင်လိုက်တဲ့ဖောင့်
ဘယ်သူက ဘယ်သူ့ကို ဘယ်လို နာမည်ပေးထားမှန်းမသိတဲ့ဖောင့်(အများသုံးဖောင့်)
ကိုယ့်ဘာသာကိုယ် နာမည်ပြန်ပေးထားတဲ့တစ်ကိုယ်ရည်သုံးဖောင့်များ
ရေဒီယိုက တဂျစ်ဂျစ်မြည်နေတဲ့ ဖောင့်
လမ်းဘေးခွေးကပြောတဲ့ ဖောင့်
တရားသူကြီးကပြောတဲ့ ဖောင့်
ငါတို့စိတ်ထဲက အချင်းချင်း ရွတ်ဆိုနားလည်ကြတဲ့ ငါတို့အသွေးအသားထဲက လှည့်ပတ်စီးဆင်းနေတဲ့ ပုံမှန်ဖောင့်
ကြားလူဝင်ပြီး encrypt လုပ်မရအောင် decrypt လုပ်ထားတဲ့ ထူးဆန်းဖောင့်
တခြားသူရင်ထဲ မြားတစင်းလို နစ်ဝင်စိုက်သွင်းရသော နာကျင်ဖောင့်
တစ်ယောက်ဆီကနေ ကြားလိုက်ရုံနဲ့ အခြားတစ်ယောက်ဆီမှာ ကူးယူနိုင်သော ပျော်ရွှင်ဖောင့်
ပြန်မရနိုင်တော့တဲ့ဖောင့်/ထပ်မံပြုလုပ်နိုင်သော(ဖန်တီးနိုင်သော)ဖောင့်
တဆင့်ခံ ထပ်မံ၍ ထပ်ကာထပ်ကာကြားနေရသော ဖောင့်ဒီဇိုင်းအသစ်များ - 
(ဥပမာ - ကြေကွဲဖောင့်/နှမျောဖောင့်/နားလည်ဖောင့်/မကျေနပ်ဖောင့်/လွမ်းဆွတ်ဖောင့်/တည်မြဲဖောင့်/ဝမ်းသာဖောင့်/လစ်ဟာဖောင့်/တစ်ကိုယ်တည်းဖောင့်/လွင့်မျောဖောင့်/နာမကျန်းဖောင့်/သဝန်တိုဖောင့်/မေတ္တာဖောင့်/မုန်းတီးဖောင့်/ယဥ်ကျေးဖောင့်/ရိုင်းစိုင်းဖောင့်/လျင်မြန်ဖောင့်/နှေးကွေးဖောင့်/ညင်သာဖောင့်/တိတ်ဆိတ်ဖောင့်/ဆူညံဖောင့်/လှပဖောင့်/ရုပ်ဆိုးဖောင့်/အရူးဖောင့်/လူကြီးဖောင့်/လူငယ်ဖောင့်/ကလေးဖောင့်/မိတ်ဆွေဖောင့်/ရန်သူဖောင့်/...ဖောင့်/...ဖောင့်/...ဖောင့် ထပ်မံ၍ ခင်ဗျားတို့ ကျုပ်တို့ မသိကြသေးတဲ့ အခြားဖောင့်များ စသည် ...)
တခြားလူတွေရဲ့ ဖောင့်တွေကို ကူးထည့်မသုံးချင်ရင် ခင်ဗျား ကိုယ်ပိုင်ဖောင့်တစ်ခုကို အရင်ဖန်တီး ပြီးတာနဲ့ အခြားလူတွေဆီ ဖောင့်ပုံစံတစ်ခုကို မျှဝေလို့ရ 
အများကတော့ အဆင်ပြေတဲ့ဖောင့်တစ်ဖောင့်ကို ဘုံဖောင့်တစ်ခုအဖြစ် ရွေးသုံးနေကြပြီး ​ရက်တိုင်း လတိုင်း နှစ်တိုင်း ဖောင့်ကိုယ်စီ ဖောင့်ကိုယ်စီနဲ့ ငါတို့အားလုံး တစ်ဖောင့်ဖောင့်နဲ့ တစ်ယောက်ယောက်ကို တစ်ခုခုတော့ ပြောနေကြတာတွေက ပါးစပ်ဖောင့်ကနေတဆင့် သမိုင်းဖောင့်အဖြစ် ထိုမှတဆင့် တည်မြဲဖောင့်အဖြစ် အသွင်ပြောင်း၍ ဆက်လက်ရှင်သန်
သူ့ဖောင့်မှာမပါတာတွေ ကိုယ့်ဖောင့်မှာပါနိုင်သလို ကိုယ့်ဖောင့်မှာပါတာတွေကလည်း တခြားဖောင့်တစ်ခုနဲ့ ဘယ်တော့မှမတူနိုင်ကိုယ့်ဖောင့်နဲ့ သူ့ဖောင့်ကြားမှာ ဖြတ်သန်းသွားတိုင်း နောက်ထပ် သိရှိရမယ့် ဖောင့်အသစ်တွေဟာ အမြဲအဆက်မပြတ်

- မင်းသော်စိုး

#ဖောင့်
#YTULAonline_project

Comments

Popular posts from this blog

တကယ်လို့ ငါဟာ တနေရာရာမှာ မင်းနဲ့အတူရှိနေခဲ့တယ်ဆိုရင် အချိန်တွေက ရပ်နေမှာ

အိမ်ပြေးတယောက်အတွက် ဆွန်းနက်