ညီမ​လေးသို့ ..

(၁)


ညီမလေးရေ

ဘဝဟာ ထင်သလောက် 

မလွယ်ဘူး … ။


အောင်မြင်မှုတွေ ရှိမယ်

ဒီလိုပဲ

ရှုံးနိမ့်မှုတွေလည်း ရှိမယ် ။


အခက်အခဲတွေဟာ

အောင်မြင်မှုရဲ့ အစပဲ 

ညီမလေးရေ … ။


အောင်မြင်မှုကို မမျှော်လင့်ပါနဲ့

ဖြစ်ရပ်တိုင်းမှာ အကောင်းဆုံးနေပါ

ကြိုးစားပါ ။


(၂)


ညီမလေးရေ …

အကိုတို့ လူတွေဘဝမှာ

လူတွေကို

အထင်ကြီးစရာလည်း မလိုဘူး …

အထင်သေးစရာလည်း မလိုဘူး … ။


သဘောထား သေးသိမ်စရာလည်း မလိုဘူး

တစ်ခုပဲ …

ညီမလေး

ကိုယ့်မာနကို မထိခိုက်လာသရွေ့

အတတ်နိုင်ဆုံး သဘောထားကြီးတတ်ရတယ်

ဒါ နုံအတယ်လို့မခေါ်ဘူး

ရင့်ကျက်ခြင်း တစ်မျိုးပဲ

ညီမလေး … ။


(၃)


ညီမလေးရေ …

ဒီနေ့ကစပြီး 

ကိုယ်လုပ်ချင်တဲ့ ကိစ္စတစ်ခုကို 

နည်းနည်းချင်းစီ ပုံမှန်စလုပ်ရမယ် … ။


ညီမလေးရေ …

ဖြစ်ချင်တာ မဖြစ်သေးခင်မှာ

ဖြစ်သင့်တာနဲ့အတူ 

ဖြစ်ချင်တာကိုပါ 

တစ်ပါတည်း ခေါ်သွားပါ 

ပုံရိပ်ကို အကောင်းဆုံးဖော်ပါ ။


ညီမလေးရေ …

ကိုယ့်မှာ အရည်အချင်းပြည့်ဝထားပါမှ

သူတစ်ပါးကို ကူညီနိုင်မှာပါ … ။


ညီမလေးရေ …

အဓိက ပထမဆုံး

ကိုယ့်ကိုယ်ကို ဘဝဝမ်းစာ 

ပညာပါရမီ အရင်ဖြည့်ပါ 

နောက် စိတ်ထားတတ်ဖို့ 

စိတ်ထားလှဖို့

စိတ်အဟာရဖြည့်ပါ ။


(၄)


ညီမလေးရေ …

လူတွေမှာ

ဘဝဆိုတဲ့ အိမ်လေးရှိရင်

အိပ်မက်ဆိုတဲ့ လှေကလေးလည်း ရှိရမယ် ။


တချို့က အိပ်မက်မက်ကြ

တချို့က အိပ်မက်ရှာ

တချို့က အိပ်မက်ထဲမျော

တချို့က အိပ်မက်တွေရပ်နေ

တချို့က အိပ်မက်တွေ ရိုက်ချိုးခံနေရ

တချို့က အိပ်မက်တွေ သေနေကြ

တချို့က အိပ်မက်တွေကို ထုဆစ်နေ 

တချို့က တချို့က … … ။


အိပ်မက်တွေ တကယ်ဖြစ်ချင်ရင် …

ဖြတ်လမ်းမလိုက်နဲ့

အဓိကနဲ့ သာမညကွဲအောင်ကြည့်

ယုံကြည်မှုနဲ့ စိတ်ကို ရှည်အောင်ထား

ကံကို အလုပ်လို့ယုံ … ။


အိပ်မက်မက်သူထက်

အိပ်မက်တွေ 

အတိအကျ ထုဆစ်ရင်း

တိမ်တွေလို အိပ်မက်မဖြစ်ပဲ

လှေလို ပန်းတိုင်ကို 

အရောက်ခရီးနှင် …

အိပ်မက်နဲ့ လက်တွေ့

ထပ်တူကျပါစေ

ကိုယ် ချစ်ရပါသော ညီမလေး … ။


(၅)


ညီမလေးရေ

ပျင်းရိခြင်း ၆ ပါးရှိသတဲ့ …

လူတွေ 

တွေဝေကြတယ်ဆိုတာလည်း 

ပျင်းရိခြင်းတစ်မျိုးပဲ … ။


ညီမလေးရေ 

အကိုတို့ဘဝမှာ

ချင့်ချိန်စဉ်းစားပြီး တွေးခေါ်တာနဲ့ 

တွေဝေတာ ခွဲမြင်နိုင်ကြဖို့လိုတယ် … ။


ညီမလေးရေ

ညီမလေးရဲ့ ရှေ့ဆက်ခရီးလမ်းမှာ

ဆုံးဖြတ်ချက်အမှန်တွေ 

လွယ်လွယ်ကူကူ ချနိုင်ပါစေ 

နောက် 

မဆုံးသော ပန်းတိုင်တွေကို ဖြတ်သန်းရင်း

အောင်မြင်မှုတွေ 

လှမ်းကိုင် ဆွတ်ခူးနိုင်ပါစေလေ … ။


(၆)


ညီမလေးရေ

လူဆိုရင် နှစ်ဖက်လှဖို့လိုတယ် 

သူ့ဘက် ကိုယ့်ဘက်မျှကြည့်တတ်ရမယ် …

ရုပ်လှဖို့ထက် စိတ်လှဖို့ကိုပြင်ပါ … ။


ညီမလေးရေ

ကိုယ့်ဘက်မှာ 

အရင်ပြည့်စုံအောင်လုပ်ထားပါ

နောက်မှ သူများကို ကူညီဖို့ပြင်ပါ 

အတ္တပြီးမှ ပရလုပ်ပါ ညီမလေး … ။


ညီမလေးရေ

ပေါင်းသင်းဆက်ဆံရေးလည်း

အားမလျော့ပါစေနဲ့

နည်းနည်းပဲပြောပါ

များများနားထောင်ပါ

အတွေ့အကြုံကို အရယူပါ

စာများများဖတ်ပါ … ။


- မင်းသော်စိုး

Comments

Popular posts from this blog

တကယ်လို့ ငါဟာ တနေရာရာမှာ မင်းနဲ့အတူရှိနေခဲ့တယ်ဆိုရင် အချိန်တွေက ရပ်နေမှာ

အိမ်ပြေးတယောက်အတွက် ဆွန်းနက်